Tuesday 4 May 2010

နေချင်သူများ ရှိနေသော စကင်ဒီနေဗီးယား “ ထောင် ”

အကျဉ်းထောင်ချင်းတော့ မတူပါလေ
ကိုကျော်
မေ ၄၊ ၂၀၁၀

စားပွဲပေါ်က လှပစွာထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေနဲ့အတူ ဆာမွန်ငါးများကိုလည်း စားချင်စဖွယ် ပြင်ဆင်ထားပါတယ်။ အတီးအမှုတ်ခရာသံတွေ စတင်လိုက်တာနဲ့ နော်ဝေဘုရင် ဟာရယ် (Harald V) က ခန်းမထဲကို ၀င်ရောက်လာတော့ ဧည့်သည် ၂၀၀ လောက်က မတ်တပ်ရပ်ပြီး နှုတ်ဆက်ကြပါတယ်။ တချိန်ထဲမှာပဲ အပြာရောင်ဝတ်စုံနဲ့ ရဲအဖွဲ့ဝင် ၃၀ က ”We Are the World” သီချင်းကို စတင်သီဆိုကြပါတော့တယ်။ ဒီမြင်ကွင်းက နော်ဝေဘုရင့်နန်းတော်က ညစာစားပွဲတစ်ခု မဟုတ်ပါဘူး။ တကယ်တော့ နော်ဝေနိုင်ငံရဲ့ Halden Fengsel အကျဉ်းထောင်သစ် ဖွင့်ပွဲအခမ်းအနား ဖြစ်ပါတယ်။

ဒေါ်လာ ၂၅၂ သန်း ကုန်ကျပြီး ဆောက်လုပ်ထားတဲ့ ထောင်သစ်ဟာ နော်ဝေနိုင်ငံ တောင်ပိုင်း ဟေဒန်မြို့(Halden) ရဲ့ သစ်တောအုပ်ထဲမှာတည်ရှိပြီး ၇၅ ဧကကျယ်ဝန်းပါတယ်။ ထောင်သစ်မှာ ကျန်းမာရေးအတွက် လမ်းလျှောက်တောလမ်း၊ ဘုရားဝတ်ပြုခန်း၊ စာကြည့်တိုက်၊ ဘောလုံးကွင်း၊ အားကစားရုံ စတာတွေအပြင် ပိုပြီးထူးခြားတာက သီချင်းအသံသွင်းခန်း၊ နောက်ပြီး ထောင်သားတွေကို လာတွေ့ကြမဲ့ မိသားစုဝင်တွေအတွက် ညအိပ်ဖို့ အိပ်ခန်း၂ခန်းပါတဲ့ သီးသန့်အိမ်လည်း ရှိပါတယ်။

အမေရိကန်ကထောင်တချို့လို ချွေးနံ့သေးနံ့တွေမရှိဘဲ နော်ဝေထောင်အသစ်ထဲမှာ ထောင်သားတွေရဲ့ အချက်အပြုတ်သင်တန်း မီးဖိုဆောင်က လိမ္မော်နံ့လေး ပျံ့လွင့်နေတတ်ပါတယ်။ “နော်ဝေရဲ့အကျဉ်းထောင်စံနစ်ဟာ လူ့အခွင့်အရေးနဲ့ လူကိုလူလိုဆက်ဆံရေးတို့ကို အထူးဂရုစိုက်ကြပါတယ်။ အခု တွေ့နေရတာတွေဟာ ကျနော်တို့အတွက် အထူးအဆန်းလို့ မမြင်ပါဘူး” လို့ ထောင်အရာရှိ Are Hoidal က ရှင်းပြပါတယ်။

ဟေဒန်ထောင်သစ်ကို ယခုနှစ်ဧပြီ ၈ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး အကျဉ်းသား ၂၅၂ ယောက်ထိ လက်ခံနိုင်ပါတယ်။ နော်ဝေအကျဉ်းထောင်ရဲ့ ခံယူချက်ကတော့ လူမဆန်ဖိနှိပ်ချုပ်ချယ်တဲ့ အကျဉ်းထောင်စံနစ်ထက် အကျဉ်းသားများကို လူသားဆန်စွာဆက်ဆံတဲ့ စံနစ်က သူတို့ ထောင်ကထွက်သွားပြီးနောက် ပုံမှန်လူ့ဘောင်အဖွဲ့အစည်းထဲကို ပြန်လည်ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ပိုမိုများတယ်လို့ ဆိုပါတယ်။ “သင်တန်းပို့ချမှု၊ ပညာပေးမှု တွေကနေတဆင့် ထောင်သားတွေရဲ့ဘ၀ကို ပြန်လည်တည်ဆောက်ပေးချင်တယ်၊ လူကောင်းအဖြစ်နဲ့ ထောင်ကထွက်သွားတာ ဖြစ်စေချင်တယ်” ဟု ထောင်အရာရှိက ဆက်လက်ပြောပြပါတယ်။

အထောက်အထားအရ နော်ဝေရဲ့ထောင်စံနစ်က အောင်မြင်တယ်လို့ ဆိုရပါမယ်။ ထောင်မှထွက်ပြီး ၂ နှစ်အတွင်း ထောင်ထဲသို့ပြန်ရောက်လာသူ နော်ဝေမှာ ၂၀% ရှိပြီး အင်္ဂလန်နဲ့ အမေရိကန်မှာ ၅၀ နဲ့ ၆၀ ရာခိုင်နှုံးထိ ရှိပါတယ်။

ဟေဒန်ထောင်ရဲ့ တည်ဆောက်ပုံဒီဇိုင်းကလည်း အဓိကအခန်းမှာ ပါဝင်ပါတယ်။ “အရေးကြီးဆုံးအချက်ကတော့ အကျဉ်းထောင်ကို ထောင်ရဲ့အပြင်လောကနဲ့ တူနိုင်သလောက်တူအောင် ဖန်တီးဖို့ပါပဲ” လို့ ဒီဇိုင်းအင်ဂျင်နီယာ Hans Hoilund က ပြောပါတယ်။ ထောင်ဆိုတဲ့ခံစားချက်မရှိအောင် ထောင်ရဲ့အပြင်ဖက်ကို ကွန်ကရစ်မဟုတ်ဘဲ အုတ်ခဲ၊ စတီး တွေနဲ့ ဒီဇိုင်းဆင်ထားပြီး သစ်ပင်တွေနဲ့ ၀ိုင်းရံထားပါတယ်။ ထောင်လို့ပြောနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ပေ ၂၀ မြင့်တဲ့ ကွန်ကရစ်တံတိုင်းပဲ ဖြစ်ပါတယ်။ ဒါတောင် တံတိုင်းရဲ့ထိပ်ဆုံးကို အနားလုံးဝန်းအောင် လုပ်ထားပါတယ်။

ထောင်ထဲကအချုပ်ခန်းတွေကို ကောလိပ်ကျောင်းဆောင်အခန်းတွေနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ တီဗီမှန်ပါး(flat-screen TV) နဲ့ ရေခဲသေတ္တာ အရွယ်သေးရှိတယ်။ အလင်းရောင် ကောင်းကောင်းဝင်အောင် ဒေါင်လိုက်ရှည်လျားတဲ့ မှန်ပြတင်းပေါက်တွေ တပ်ထားပေးပါတယ်။ မှန်ပြတင်းပေါက်တွေက အလွန်ခိုင်ခံပြီး သံတိုင်တွေ ထည့်မထားပါဘူး။ အချုပ်ခန်း ၁၀ ခု ၁၂ ခုတိုင်းအတွက် နားခန်း နဲ့ မီးဖိုဆောင် တစ်ခုစီပေးထားပါတယ်။ မီးဖိုဆောင်ထဲမှာ စတီးရောင်ကောင်တာ၊ ကော်ဖီစားပွဲ၊ ဆိုဖာ တွေက Ikea ပရိဘောဂဆိုင်က ပြခန်းတွေနဲ့ တူနေပါတယ်။

ဟေဒန်ထောင်ကနေ အတုယူအားကျစရာ အကောင်းဆုံးတစ်ခုကတော့ အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေအကြားက ဆက်ဆံရေးဖြစ်ပါတယ်။ ထောင်စောင့်ရဲတွေက သေနတ်မဆောင်ထားပါဘူး။ နောက်ပြီး ရဲတွေက အကျဉ်းသားတွေနဲ့အတူ ထမင်းစားကြ၊ ကစားကြပါတယ်။ ထောင်သားတွေအများစုဟာ ဆိုးဝါးတဲ့ဘ၀နောက်ခံတွေ ရှိခဲ့ကြပါတယ်၊ ဒါကြောင့် မိသားစုပုံစံလို ခံစားမိအောင် စီစဉ်ပေးရတာလို့ သိရပါတယ်။ နောက်ပြီး ထောင်ဝန်ထမ်းရဲ့ တ၀က်လောက်က အမျိုးသမီးတွေဖြစ်ပါတယ်၊ ခိုက်ရန်ဒေါသလျော့နည်းအောင် ရည်ရွယ်တာလို့ သိရပါတယ်။ ထောင်နဲ့ပတ်သက်ပြီး အကြံပြုချက်တွေကိုလည်း ထောင်သားတွေက ပေးနိုင်ပါတယ်။

ဟေဒန်ထောင်ရဲ့သတင်းကြောင့် အဲဒီမှာအလုပ်လုပ်ဖို့ စိတ်ဝင်စားသူတွေ များလာပါတယ်။ “ကျနော်တို့ကို ဘယ်သူကမှ အတင်းအကျပ်ခိုင်းပြီး ဒီမှာအလုပ်လာလုပ်ခိုင်းတာ မဟုတ်ပါဘူး၊ ကျနော်တို့ကိုယ်တိုင် ရွေးချယ်ပြီးမှ လာလုပ်တာပါ” ဟု ထောင်ဝန်ထမ်းတစ်ဦးဖြစ်သူ ဂီတဆရာတစ်ဦးလည်းဖြစ်တဲ့ Clasen က ပြောပါတယ်။ “ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဒီတံတိုင်းအတွင်းမှာ ထောင်သားအားလုံးကို အဓိပ္ပာယ်ရှိသောဘ၀ ပေးချင်တာပါ” ဟု Clasen က ပြောပြသွားပါတယ်။
( မေ ၁၀ ရက် ၂၀၁၀ တိုင်းမ်မဂ္ဂဇင်းမှ ကောက်နုတ်ထားပါတယ်။)
Copy from http://www.moemaka.com/