Tuesday 11 May 2010

ရယက ဥက္ကဋ္ဌအိမ် ဓားပြတိုက်ခံရ

ငြိမ်းချမ်း အင်္ဂါနေ့၊ မေလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၉ မိနစ် .

ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာ ဥက္ကဋ္ဌ ဦးထွန်းအေးမောင်၏ နေအိမ်ကို ယခုလ ၈ ရက်နေ့က ဓားပြတိုက်မှု ဖြစ်ပွားရာ ရွှေ ၁ဝ ကျပ်သားနှင့် ငွေကျပ် ၄ဝ သိန်း လုယက်သွားသည်ဟု ကာယကံရှင်များက ပြောသည်။

ည ၁ဝ နာရီခန့်တွင် နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန (နစက) တပ်ဖွဲ့ဝင်အဖြစ် ဟန်ဆောင်ထားသော ဓားပြ ၂ဝ ဦးခန့်က ဧည့်စာရင်းစစ်ရန်အတွက်ဟုဆိုကာ ကျေးရွာဥက္ကဋ္ဌ နေအိမ်အတွင်း ဝင်ရောက်လာပြီး ဓားပြတိုက်ယူသွားသည်ဟု ဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် ဦးထွန်းအေးနှင့် ဇနီး၊ သားတဦးနှင့် သမီးတဦး နေအိမ်တွင် ရှိနေပြီး ဓားပြများက သေနတ်များ ပါရှိသည်ဟု ဆိုသည်။

”ဓားပြတွေက ကျနော့်မိန်းမကို ရိုက်ပြီးတော့ ပစ္စည်းထားတဲ့နေရာကို ပြခိုင်းတယ်။ အရိုက်ခံရတဲ့အခါ ငွေနဲ့ ရွှေတွေ သိမ်းထားတဲ့ နေရာကို ပြလိုက်တယ်။ ပတ်ဝန်းကျင်က အိမ်တွေကလည်း ဓားပြတိုက်တာကို ကြားပေမယ့် ထွက်မလိုက်ရဲကြဘူး” ဟု ဦးထွန်းအေးမောင်က မဇ္ဈိမကို တယ်လီဖုံးမှတဆင့် ဖြေကြားသည်။

နစက ကွပ်ကဲရေးဌာနချုပ်သို့ သွားရောက်တိုင်ကြားသော်လည်း တရားခံကို သဲလွန်စမရသေးဘဲရှိသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ခ်ျနှင့် ကပ်လျက်ရှိသော နယ်စပ်မြို့များဖြစ်သည့် ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့များအတွင်း နစက ဟန်ဆောင်၍ ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း မောင်တောမြို့နယ်တခုထဲတွင်ပင် ဓားပြမှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ဧပြီလ ၂၆ ရက်နေ့ကဖြစ်သည်။ နစက ဟန်ဆောင်ထားသော လူ ၂ဝ ဦးက ပြားသားရွာမှ အိမ်တလုံးကို ဝင်တိုက်သွားရာ ကျပ်ငွေ ၁၅ သိန်းခန့် ပါသွားသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက ပြောသည်။

နစက တပ်ကြပ်ကြီးတဦးကတော့ ဓားပြများမှာ ဘင်္ဂလားဒေ့ခ်ျပိုင်နက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး နယ်စပ်ကို အလွယ်တကူ ဖြတ်သွားနိုင်မှုကြောင့် ဖမ်းဆီးရန် ခက်ခဲသည်ဟု ပြောသည်။

“စခန်းထွက်လိုက်ပြန်ရင်လည်း စက်လှေနဲ့ နတ်မြစ်ကို ဖြတ်ကူးပြေးသွားကြတယ်။ ဒီကိစ္စကို သေသေချာချာ စောင့်ကြည့်လေ့လာမယ့် အစီအစဉ်တရပ် ဖော်ဆောင်ဖို့ ဌာနချုပ်ကို တင်ပြထားပါတယ်” ဟု နစက နယ်မြေ ၅ မှ တပ်ကြပ်ကြီး တဦးက ပြောသည်။
Copy from www.mizzimaburmese.com