Sunday 27 June 2010

ရန်သူ ရှာနေသူများ

“Ex Tiger Shark 3” စစ်ရေးလေ့ကျင့်မူ စတင်ပြီ
6/27/2010

“Ex Tiger Shark 3” ဟု နာမည်ဝှက်ပေးထားသော ပူးတွဲ စစ်ရေးလေ့ကျင့်မူ တရပ်ကို အမေရိကန် စစ်တပ်နှင့် ဘင်္ဂလာဒေခ်ျ့ စစ်တပ်တို့မှ စစ်တကောင်း တောင်တန်းနယ်တွင် ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပူးတွဲ စစ်ရေး လေ့ကျင့်မူကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ယူအန်ဘီ သတင်းတွင် ဖေါ်ပြသည်။

ပူးတွဲ စစ်ရေးလေ့ကျင့်မူတွင် ဘင်္ဂလာဒေခ်ျ့ မှ စစ်တပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန် စစ်တပ်နှင့် တလကျော်ကြာ လေ့ကျင့်သွားမည် ဖြစ်သည်။

စစ်ရေးလေ့ကျင့်မူတွင် တိုက်ခိုက်ရေး၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နည်း၊ ကွန်မဒို တိုက်ခိုက်နည်း များ အပါအ၀င် လေကြောင်း၊ ရေကြောင်း နည်းပညာရပ်များနှင့် တခြား စစ်ရေးဆိုင်များကို ပူးပေါင်း လေ့ကျင့်သွားမည် ဖြစ်သည်။

ယခုအခါ အဆိုပါ စစ်ရေးလေ့ကျင့်မူကို စစ်တကောင်းမြို့နှင့် မြန်မာ နယ်စပ် အနီးရှိ စစ်တကောင်း တောင်တန်နယ် ရန္ကာမတီရှိ ကာပတိုင် ဒေသတွင် ပြုလုပ်နေကြောင်း ISPR မှ ထုတ်ပြန်သော သတင်း ကျေညာချက်တွင် ဖေါ်ပြသည်။

အမေရိကန်နှင့် ဘင်္ဂလာဒေခ်ျ့စစ်တပ်တို့အကြား စစ်ရေး ပူးတွဲ လေ့ကျင့်မူများကို မကြာခဏ ပြုလုပ်နေပြီး လွန်ခဲ့သောနှစ် နိုဝင်္ဘာလကလည်း Tiger Shark အမည်ရှိသော ပူးတွဲ စစ်ရေး လေ့ကျင့်မူကို ပြု လုပ်ခဲ့သည်။

၎င်းပြင် ဘင်္ဂလာဒေခ်ျ့ အကြမ်းဖက်နှိမ်နှင်းရေး အထူး တပ်ဖွဲ့များအားလည်း စစ်ရေး သင်တန်းများ ပေးနေသည့် အပြင် ခေတ်မှီ လက်နက် ကရိယာများကိုလည်း အမေရိကန်မှ တပ်ဆင် ပေးထားကြောင်း သိရသည်။
Copy from www.narinjara.com

Friday 25 June 2010

ဘာကြောင့် လူတွေမတူဘဲ ဆွေးနွေးချက်တွေ တူနေရတာလဲ




RFA က ဧရာဝတီ စကားဝိုင်း (ဇွန် ၂၄၊ ၂၀၁၀)
ဧရာဝတီ Thursday, June 24, 2010

လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ်အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခြေအနေများကို ဆွေးနွေး တင်ပြထားပါတယ်။

အခုတပတ်မှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်တွင်းမီဒီယာများက နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို သတင်းအချက်အလက်၊ အသိပညာတွေ ဘယ်လိုဖြန့်ဝေပေးနေသလဲ၊ ၎င်းတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေက ဘာတွေလဲ စတာတွေကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံ အယ်ဒီတာ ကိုကျော်စွာမိုး၊ ရွေးကောက်ပွဲ စာမျက်နှာ ကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ နိုင်ငံရေးသတင်းတွေကို အစဉ်တစိုက် ရေးသားနေတဲ့ ကိုဘကောင်းတို့က ဆွေးနွေးထား ပြီး RFA က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ကိုကျော်စွာမိုး ။ ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါ ခင်ဗျာ။ ကျနော်က ကျော်စွာမိုးပါ။ ကျနော်နဲ့အတူ စတူဒီယိုခန်းထဲမှာ ရှိနေကြတဲ့သူတွေက ဧရာဝတီ ရွေးကောက်ပွဲ စာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးသတင်းတွေကို တောက်လျှောက်ရေးသားနေတဲ့ ကိုဘကောင်းတို့ ဖြစ်ပါတယ်။

ကိုထက်အောင်နဲ့ ကိုဘကောင်းရေ၊ ဒီတပတ် ကျနော်တို့ ဆွေးနွေးဖို့ကောင်းတဲ့ အကြောင်းအရာကတော့ ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း မီဒီယာကနေ ပြည်သူလူထုကို ဘယ်လောက်အထိ အသိပညာတွေ ပေးပို့နိုင်လဲ၊ သတင်းအချက်အလက်တွေကို ဘယ်လောက်အထိ ပြည့်ပြည့်စုံစုံ ပေးပို့နိုင်လဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးကြရင် ကောင်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ မတူတဲ့ အချက်တချက်က အခု ၂၀၁၀ ရွေး ကောက်ပွဲမှာဆိုရင် ပြည်တွင်းဂျာနယ်တွေ အများစုမှာ ရွေးကောက်ပွဲစာမျက်နှာတွေ၊ Election 2010 ဆိုတဲ့ စာမျက် နှာတွေ၊ နိုင်ငံရေးစာမျက်နှာတွေ ဖွင့်လာတာတွေ့ရတယ်။ အဲဒီ စာမျက်နှာတွေပေါ်မှာ ပါတီတွေ၊ ပါတီ ခေါင်းဆောင် တွေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကို ထူးထူးခြားခြား ရေးသားလာတာ တွေ့ရတယ်။ အဲဒီအခါကျတော့ ပြည်တွင်းမီဒီယာက ခုနပြောတဲ့မေးခွန်းတွေကို ဘယ်လောက်အထိ ပေးပို့နိုင်လဲဆိုတာ သုံးသပ်ကြည့်ရင် ကောင်းမယ် ထင်တယ်။ ကိုထက်အောင်ရေ ပထမဦးဆုံး ၁၉၉၀ တုန်းက ပြည်တွင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို နည်းနည်း ပြောပြပါလား။

ကိုထက်အောင် ။ ။ ၁၉၉၀ တုန်းက အခြေအနေနဲ့ အခု ၂၀၁၀ အခြေအနေကတော့ အများကြီး ကွာသွားပြီပေါ့ဗျာ။ ၁၉၉၀ တုန်းက ပုဂ္ဂလိက ဂျာနယ်တွေ ဆိုတာက အရေအတွက်အားဖြင့်လည်း နည်းတယ်၊ ရွေးကောက်ပွဲ သတင်း တွေကို ဖော်ပြတာလည်း သိပ်မတွေ့ရဘူး။ အဲဒီတုန်းက ပြည်သူလူထုက နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီ တွေက ထုတ်တဲ့ စာစောင်တွေ၊ မှတ်တမ်းလွှာတွေ ဒါတွေကိုပဲ အားကိုးနေရတယ်ဗျ။ မှတ်မိသလောက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်တဲ့ မှတ်တမ်းလွှာ၊ လူငယ် ညီညွတ်ရေး တပ်ပေါင်းစုဆိုတဲ့ ၈၈ မျိုးဆက်လူငယ်တွေ ထောင်တဲ့ပါတီ ရှိတယ်ဗျ၊ အဲဒီိပါတီတွေရဲ့ မှတ်တမ်းလွှာ နှစ်စောင်က တော်တော်လေးကို လူကြိုက်များပြီးတော့ မြို့ ပေါ်ရော၊ တောနယ်တွေအထိကို ပြန့်အောင်လုပ်နိုင်တဲ့ အနေအထားရှိတယ်ဗျ။

ကိုကျော်စွာမိုး ။ ။ အဓိက ကျနော်သိချင်တာက အဲဒီထဲမှာ ပါတီက ထုတ်ဝေတဲ့ စာစောင်တွေမှာ ဘာတွေ အဓိက သူတို့ တွေရေးသားကြလဲ၊ ဘယ်အချက်တွေကို ပေးပို့ကြလဲ။

ကိုထက်အောင် ။ ။ အဓိကကတော့ ပါတီရဲ့ မူဝါဒတွေပေါ့ဗျာ။ ပါတီတရပ်အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ရမယ့် အခွင့် အလမ်း ရလာပြီဆိုရင် ဘယ်လိုမူဝါဒတွေနဲ့ အုပ်ချုပ်သွားမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ပြည်သူလူထုတွေကို အသိပေး တာ ရှိတယ်ဗျ။
ကိုဘကောင်း ။ ။ အခု ဒီလက်ရှိ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းဂျာနယ်တွေက ကိုထက်အောင်ပြောသလို ပါတီရဲ့မူဝါဒနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံ ဖော်ပြတာကို သိပ်တော့မတွေ့ရဘူးဗျ။ ပါတီတွေမှာလည်း သူတို့မှာ အခက်အခဲတွေ ရှိတာပေါ့ဗျာ။ အစိုးရကို ထိခိုက်စေမယ့် ဟာမျိုးတွေ၊ ပွင့်ပွင့်လင်းလင်း ဖော်ပြလို့ မရဘူး။ နောက်ပြီးတော့ လက်ရှိအင်အားအကြီးဆုံးဖြစ်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီတွေလိုမျိုး တွေကို ထိခိုက် စေတဲ့ ဟာမျိုးတွေ ဖော်ပြလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် တစိတ်တဒေသအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာ အစိုးရကနေ ပြီးတော့လည်း ပိုပြီးတော့ ပွင့်လင်းတဲ့၊ အမြင်ပါတဲ့ ရေးသားမှုတွေ ဖော်ပြတာတော့ တွေ့တယ်။ ဥပမာဆိုရင် ကျနော် မနေ့တနေ့ကပဲ တွေ့တဲ့ မြန်မာပို့စ်ဂျာနယ်မှာ ဆိုရင် ကာတွန်းဆရာတွေရဲ့ ရွေးကောက်ပွဲနဲ့ အမြင်သဘောထား ဆိုပြီး တော့ ဖော်ပြထားတာ တွေ့တယ်ဗျ။ အဲဒီ စာမျက်နှာမှာဆိုရင် ကာတွန်းဆရာ ဦးလှဖေက နေပြီးတော့ ဒီရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး “တော်သင့်မှန်ကန်ပြီး ဒီမိုကရေစီ စံနဲ့သာ ညီပါစေ၊ တခဲနက် မဲပေးကြမှာပါ” ဆိုပြီးတော့ အဲဒီလိုမျိုး မှန်ကန်တဲ့၊ တော်သင့်တဲ့၊ လွတ်လပ်တဲ့၊ တရားမျှတတဲ့ ရွေးကောက်ပွဲကို တောင့်တနေတဲ့ ကာတွန်းဆရာ တယောက် ရဲ့ ရင်ခုန်သံပေါ့ဗျာ၊ မျှော်လင့်ချက်ကိုတော့ ဖော်ပြတယ်ဗျ။ အဲဒါမျိုးတွေလည်း ကျနော်တွေ့တယ်ဗျ။

ကိုကျော်စွာမိုး ။ ။ ပြောမယ်ဆိုရင် အဲဒီလိုစကားလုံးမျိုးတွေက အရင်တုန်းက ဂျာနယ်တွေမှာ ဖော်ပြခွင့်မရခဲ့တဲ့ ဟာ တွေပေါ့နော်။ ကျနော်လည်း ဂျာနယ်တခုမှာ တွေ့လိုက်တာက စာနယ်ဇင်းသမားတွေ၊ တချို့ နိုင်ငံရေးသမားတွေ၊ တချို့ စီးပွားရေးသမားတွေကိုမေးတဲ့နေရာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်၊ လိုချင် ပါတယ်။ ဒါတွေဟာ ပြောရမယ်ဆိုရင် မကြာသေးခင်အချိန်အထိ အဲဒီလိုမျိုးစကားလုံးတွေဟာ ဂျာနယ်တွေရဲ့ စာမျက် နှာတွေမှာ ဖော်ပြခွင့်ရတာ မရှိဘူးလေ။

ကိုထက်အောင် ။ ။ ကျနော်လည်း သတိထားမိတာက The Voice ပေါ့နော်။ တလောက သူတို့က ပါတီမိတ်ဆက် ဆိုပြီးတော့ အခန်းတခု လုပ်တယ်။ ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် တချိန်တုန်းက မရှိခဲ့တဲ့ စာမျက်နှာတခုက ဒီဂျာနယ်ရဲ့ နေရာတခုမှာ ၀င်ပြီးတော့ ယူလာတာပေါ့ဗျာ။ ကျနော်တို့ မတွေ့ရဘူးပေါ့။ အပေါင်းလက္ခဏာ ဆောင်လာ တယ်လို့ ပြောလို့ရတယ်။ သို့ပေမယ့်လည်း မဲဆန္ဒရှင်ပြည်သူတွေကို ပါတီတွေနဲ့ပတ်သက်ပြီးတော့ သတင်း အချက် အလက်တွေကို ပြည့်ပြည့်စုံစုံ ပေးနိုင်ဖို့ဆိုရင်တော့ ဒီထက်မက ပိုပြီးတော့လုပ်မှ ရမယ်ဆိုတဲ့ဟာကိုလည်း တွေ့ရ တယ်။ သူတို့လည်း သူတို့ရဲ့ အကန့်အသတ်ထဲကနေ သူတို့လုပ်နိုင်သလောက် လုပ်တာပေါ့နော်။ အဲဒီမှာဆိုရင် ဥပမာ - ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းပေါ့ဗျာ။ သူရဲ့ ကိုယ်ရေးအကျဉ်းလေးက နည်းနည်းလေးပါ ဖော်ပြထားတာက။ သို့ပေမယ့်လည်း ၁၉၈၈ ခုမှာ ပါဝင်ခဲ့ဖူးတယ်။ ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဖြစ်တယ်ဆိုတဲ့ ဒီလို အသုံးအနှုန်းတွေပေါ့ဗျာ။ ဒါတွေက ဒီလိုမျိုး မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အင်မတန် ရှားရှားပါးပါးတွေ့ရတဲ့ ဟာတွေပေါ့ဗျာ။ အဲဒါတွေကတော့ ဒီ အပေါင်း လက္ခဏာဆောင်တဲ့ ဟာတွေလို့ ပြောလို့ ရပါတယ်။

ကိုဘကောင်း ။ ။ ကိုထက်အောင်ပောသလိုပဲ မြန်မာတိုင်းမ်ဂျာနယ်မှာ ဆိုလို့ရှိရင်လည်း နိုင်ငံရေးသမားတယောက် ကို ကိုးကားပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဆင့်ချင်း တဆင့်ချင်း ပြုပြင်မယ် ဆိုတာတို့၊ နောက်ပြီးတော့ ၁၉၈၈ အရေးအခင်းကိုလည်း အစိုးရက အစဉ်အဆက်က ဆူပူအုံကြွမှုကြီး ဆိုပြီးတော့ ဖော်ပြနေတဲ့နေရာမှာ အဲဒီ ဂျာနယ်က စပြီးတော့ အထွေထွေသပိတ် ဆိုပြီတော့ သုံးနှုန်ထားတာကိုလည်း ထူးထူးခြားခြား တွေ့ရတယ်။ အခုက ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဖော်ပြနေမှုတွေက ကျနော်မြင်ရသလောက် ဆိုလို့ရှိရင်တော့ အင်မတန်ကို ကန့် သတ်ပြီးတော့ အပေါ်ယံလေးပဲ အစိုးရကနေပြီးတော့ ဖော်ပြခွင့်ပေးနေတာကို တွေ့ရတယ်။ ဒါတောင်မှ ဂျာနယ် တခုပဲ ရှိတယ် မီဒီယာဆိုလို့ရှိရင်။ တခြား မဂ္ဂဇင်းတွေမှာ သိပ်ပြီးတော့ ပီပီပြင်ပြင် ဖော်ပြတာ သိပ်မတွေ့ရဘူး။ နောက်ပြီး တော့ ရေဒီယိုတို့ ၊ TV တို့မှာလည်း အစိုးရ ကနေပြီးတော့ လုံးဝထိန်းချုပ်ထားပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အာဘော်ကိုပဲ ဖော်ပြနေတာကို တွေ့ရတယ်။

ကိုကျော်စွာမိုး ။ ။ အဲဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံဟာ မီဒီယာနဲ့ ပတ်သက်ပြီး ပြောလာမယ်ဆိုရင် ပြည်တွင်း မီဒီယာနဲ့ ပြည်ပ မီဒီယာဆိုပြီး နှစ်ခုဖြစ်နေတာကိုး။ ကျနော် ယုံကြည်တာကတော့ ပြည်တွင်း မီဒီယာကလည်းပဲ စစ်အစိုးရရဲ့ အကန့်အသတ်တွေ၊ Censorship အောက်တွေမှာ အလုပ်လုပ်နေရတယ်။ အဲဒီအတွက် ပြည်ပ မီဒီယာ တွေဆိုတာ ပေါ်လာတယ်။ ပြည်ပ မီဒီယာက ခုနက ပြည်တွင်း မီဒီယာတွေ မလုပ်နိုင်တဲ့ ပေါ့လေ၊ ၁၉၉၀ တုန်းကဆို ရင်လည်းပဲ ပြည်တွင်းက ပြည်သူတွေအားလုံးက BBCတို့၊ VOA တို့ ပြည်ပရေဒီယိုတွေကို နားထောင်ပြီးတော့ သတင်း အချက်အလက်တွေကို ရယူရတာကိုး။ အခု ပြည်တွင်းမီဒီယာက ဝေဖန်မှုတွေ၊ ပိုပြီးတော့ နိုင်ငံရေးသမားတွေနဲ့ပွင့်ပွင့် လင်းလင်း အင်တာဗျူးပြီး လုပ်တာတွေက မလုပ်နိုင်သေးဘူး။ အဲဒါကြောင့်မို့လို့ ကျနော်ထင်တယ် ပြည်ပ မီဒီယာတွေ က အဲဒီအခန်းကဏ္ဍကို ၀င်ပြီးတော့ နေရာယူနေရတာပေါ့လေ။ ဆိုတော့ ပြည်တွင်းနဲ့ ပြည်ပက တနည်းအားဖြင့် ပြော မယ်ဆိုရင် ခေါင်းနဲ့ ပန်းလိုပဲ နှစ်ခုပေါင်းမှ ဒင်္ဂါးပြားတပြား ဖြစ်တဲ့ ပုံစံမျိုးပေါ့။

ကိုထက်အောင် ။ ။ ၉၀တုန်းက BBCတို့၊ VOA တို့ ပြည်ပ အခြေစိုက် မီဒီယာတွေကို မြန်မာ တပြည်လုံးမှာရှိတဲ့ သန်း ပေါင်းများစွာသော မဲဆန္ဒရှင်တွေက သူတို့ ရေဒီယိုလေးတွေနဲ့ အားကိုးပြီးတော့ သတင်းတွေကို နားထောင် ခဲ့ရတယ်။ အဲဒီအနေအထားက ၂၀၁၀မှာ ပြောင်းလဲသွားသလားဆိုတော့ မပြောင်းဘူးဆိုတာကို တွေ့ရတယ်။ ပြည်ပ အခြေစိုက် သတင်းဌာန ရေဒီယိုတွေကို အားကိုးနေရဆဲပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော်တို့ ပြောနေတဲ့ ပြည်တွင်း ဂျာနယ် တွေ ဆိုတာက သူတို့ ထုတ်ဝေနိုင်တဲ့ အရေအတွက်က ၅၇ သန်းသော ပြည်သူနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အရမ်းကို နည်းပြီးတော့ အင်မတန်မှ အကန့်အသတ် ဖြစ်ပြီးတော့ တောရွာတွေမှာ လက်လှမ်းမမှီနိုင်တဲ့ အနေအထား ရှိတယ် လေ။

ကိုကျော်စွာမိုး ။ ။ အဲဒါ ဟုတ်တယ် ကိုထက်အောင်။ ဒါပေမယ့်လည်းပဲ ကျနော်ထင်တယ်၊ ပြည်တွင်း မီဒီယာက ခုန ပြောတဲ့ သူတို့အတွက် ရွေးကောက်ပွဲ စာမျက်နှာဖွင့်ထားတို့၊ နိုင်ငံရေး စာမျက်နှာဖွင့်ထားတို့ ဆိုတာကတော့ အတိတ် ကနဲ့ ပြန်ကြည့်မယ်ဆိုရင် ရှေ့ကို ခြေလှမ်းတလှမ်းတိုးပြီးတော့ ကြိုးစားပြီး သူတို့လုပ်တာပဲ။ အစိုးရက ပေးတာလည်း မဟုတ်ပါဘူး။ သူတို့ဟာသူတို့ သူတို့နေရာကို ချဲ့ပြီးယူတာက သေချာတယ်။ ဒါပေမယ့် ဥပမာ ခုနက ခင်ဗျားနဲ့ ကို ဘကောင်း ပြောသလိုပဲ၊ ပါတီရဲ့ ပေါ်လစီကိစ္စ ပြောတဲ့နေရာမှာ၊ ပါတီခေါင်းဆောင် အကြောင်းတွေကို ရေးတဲ့နေရာ မှာ ဒီထက်ပိုပြီးတော့ အချက်အလက်တွေ ပိုပြည့်စုံအောင် ဒီပါတီခေါင်းဆောင်တွေက ဘာတွေလုပ်ခဲ့လဲ၊ အခု လက်ရှိ သူတို့ရဲ့ ပါတီပေါ်လစီက ဘယ်လိုသွားမှာလဲ၊ လက်ရှိ ဘာတွေလုပ်နေလဲ ဆိုတဲ့ဟာတွေကို အသေးစိတ် သွားလို့ ရ မယ်လို့ ထင်တယ်။ အဲဒီလိုမျိုးသာ သေသေချာချာ တယောက်ချင်းကို အင်တာဗျူးမယ်၊ သူတို့ရဲ့ Background တွေနဲ့ ပြန်ပြီးရေးမယ်ဆိုရင် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့၊ ပိုပြီးအရောင်အသွေးစုံတဲ့ ဆောင်းပါးတွေကို သူတို့မဂ္ဂဇင်းတွေ၊ သူတို့ ဂျာနယ်တွေပေါ်မှာ တင်နိုင်လိမ့်မယ်။ အဲဒါဆိုရင် စာဖတ်သူတွေကရော၊ မဲဆန္ဒရှင်တွေကရော ဒီလူကတော့ ဘယ်လိုလူမျိုးလဲ၊ မဲပေးသင့်တဲ့ လူလား၊ မဟုတ်ဘူးလား ဆိုတာကို ပိုပြီးတော့ သိရလိမ့်မယ် ထင်တယ်။ မိတ်ဆက်တဲ့ နေရာမှာတောင်မှ ပိုပြီးတော့ နက်နက်နဲနဲနဲ့ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးနိုင်ရင် ပိုကောင်းလိမ့်မယ် ထင်တယ်။

ကိုဘကောင်း ။ ။ အစိုးရ ဆင်ဆာကို ကျော်ဖြတ်နိုင်မယ်၊ ပြည်သူလူထုကိုလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့၊ ဒီပါတီနဲ့ ပတ်သက်ပြီးတော့ သိနိုင်မယ့် ဟာမျိုးတွေပေါ့ဗျာ။ အဲဒီ အသွင်သဏ္ဌာန်မျိုးနဲ့ ပိုပြီး တင်ဆက်နိုင်မယ် ဆိုရင်တော့ ပြည်တွင်း မီဒီယာတွေက အဲဒီအခန်းကဏ္ဍမှာ ပိုပြီး လုပ်မယ် ထင်တယ်ဗျ။

ကိုကျော်စွာမိုး ။ ။ ဒီနေရာမှာက ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုတော့ ဒီဂျာနယ်တွေက အသေးစိတ် သေသေချာချာ ဘယ်လိုရေးနိုင်မလဲဗျာ။ တကယ်လို့ သူ့အကြောင်း ရေးမယ်ဆိုရင် အဖမ်းခံရမှာပဲ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ဘောင်ထဲမှာ ဒီထက်ပိုပြီးတော့ ရေးလို့ရမယ့်ဟာတွေ ရှိလိမ့်မယ့်လို့ ကျနော်ထင်တယ်။

ကိုထက်အောင် ။ ။ ၀န်ကြီးချုပ် ဦးသိန်းစိန်လို့ ပြောလိုက်လို့ ကျနော် တခု သွားသတိရတယ်။ အခုချိန်အထိပေါ့ဗျာ။ ထူးခြားတဲ့ဟာတခုက ပြည်တွင်း မီဒီယာတွေက ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်လာတဲ့ သတင်းတွေဆိုရင် အစိုးရက ဖော်ပြသလောက်ပဲ သူတို့ ဖော်ပြရဲတယ်။ ဒီထက် ပိုတိုးပြီးတော့ သူတို့ဖာသာ သူတို့ ဖော်ပြတာမျိုးတော့ မတွေ့ရဘူးဗျ။ ဥပမာ ပြောရရင် ပေါ့ဗျာ၊ ဒီပါတီ စဖွဲ့ကတည်းကိုက အငြင်းပွားစရာ ဖြစ်နေတာကိုး။ ရွေးကောက်ပွဲ ဥပဒေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ဆိုတဲ့ အငြင်းပွားစရာက ရှိနေတဲ့ အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အမေရိကန် ကိုယ်စားလှယ် အဖွဲ့လာတဲ့ အခါကျတော့ ဥပဒေနဲ့ ကိုက်ညီပါတယ် ဆိုပြီးတော့ ပြောလိုက်တယ်။ ဒီလောက်ပဲ ပြည်တွင်း မီဒီယာတွေက ဖော်ပြရဲတယ်။ အဲဒီ အပြင်ကိုပဲ နိုင်ငံရေး သမားတွေက ပြောနေတာတွေရှိတယ်။ မြင်နေတဲ့ အမြင်တွေ အမျိုးမျိုး ရှိတယ်။ ဒါတွေကို သူတို့ မတင်ပြရဲဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ လက်ရှိ အာဏာရ စစ်အစိုး ရ ခေါင်းဆောင်တွေ ဖွဲ့ထားတဲ့ ပါတီကိုး။ အကန့်အသတ်တွေတော့ ရှိတယ်။ ဒါပေမယ့် အကန့်အသတ်တွေ ကြားထဲက တဖက်မှာတော့ဖြင့် NLD ရဲ့ အကွဲအပြဲကိုတော့ စောင်းပေးပြီး ဖော်ပြပြီးတော့ တဖက်က လက်ရှိ အာဏာရ စစ်အစိုးရပါတီ အရေးကိစ္စကျတော့ ဘာမှ မဖော်ပြရဲဘူး ဆိုတဲ့ဟာက ဂျာနယ်လစ်ဇင်မှာ ဘက်လိုက်မှု ဆိုတဲ့ ဟာမျိုးက သူတို့ မရည်ရွယ်ဘဲနဲ့လည်း ဖြစ်သွားတဲ့ဟာမျိုး ဖြစ်သွားတဲ့ အခါကျတော့ မကောင်းဘူး ပေါ့ဗျာ။

ကိုကျော်စွာမိုး ။ ။ ကျနော်ထင်တယ် ကိုထက်အောင်၊ အဲဒါကျတော့လည်း မြန်မာနိုင်ငံတင် မဟုတ်ဘူး။ တခြား အာဏာရှင် နိုင်ငံတွေ၊ တပါတီ အဏာရှင် နိုင်ငံတွေမှာ အဲဒါမျိုးကတော့ သိပ်မဆန်းလှဘူးပေါ့လေ။ အဲဒါကတော့ တနည်းအားဖြင့်ပြောရင် Self-censorship ပေါ့လေ၊ ကိုယ့်ဟာနဲ့ ကိုယ်ပြန်ပြီးတော့ တည်းဖြတ်ရတဲ့ ဟာမျိုးတွေပေါ့။ အစိုးရက ဒီလောက်ပဲ ပေးရေးတယ်။ ဒါကြောင့်မို့လို့ ဒီလောက်ထိပဲ သူတို့ ရေးခွင့်ရှိတယ်လို့ ကျနော်ထင်တယ်။ ဒီနေရာမှာ မီဒီယာနဲ့ပတ်သက်ပြီး ကျနော်သွားတွေ့တဲ့ အချက်တချက်က ပြည်တွင်းဂျာနယ်တွေ တရာကျော်၊ နှစ်ရာ ကျော်လောက်ထဲမှာ အယ်ဒီတာ့အာဘော်ဆိုတာကို ရေးတဲ့ဂျာနယ်တွေ အနည်းစုပဲ တွေ့ရတယ်ဗျ။ ကျနော်ထင်တာ ဘာကြောင့် အနည်းစုပဲ တွေ့နေရလဲ ဆိုရင်တော့ တချက်ပဲတွေ့တယ်။ ခုနပြောတဲ့ အယ်ဒီတာ့အာဘော်ဆိုတာ သတင်းစာတစောင်၊ ဂျာနယ်တစောင်မှာ အဓိက အရေးကြီးဆုံးအပိုင်းက ခေါင်းကြီးပိုင်းကိုး။ ဒီနေရာမှာက သူရဲ့ နိုင်ငံရေး ရပ်တည်ချက်၊ စီးပွားရေး ရပ်တည်ချက် ကိစ္စတခု ပေါ်လာရင် ဘယ်လိုမျိုး ဖြေရှင်းသင့်တယ် ဆိုတာကို တကယ့်ကို တိတိ လင်းလင်း အစိုးရကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဒါက ပွင့်ပွင့်လင်းလင်း ပြောတဲ့အချက်ကိုး။ ဒီနေရာ မှာက အဲဒီလိုမျိုး ပြောလို့မရတဲ့အတွက် သူတို့ အယ်ဒီတာ့အာဘော်ကို သိပ်မရေးကြဘူးထင်တယ်။ ဒါပေမယ့် ရေးတဲ့ ဟာကိုကြည့်မယ် ဆိုရင်လည်းပဲ အများစုက အစိုးရရဲ့ ပေါ်လစီတွေကို ပိုပြီးတော့ အသားပေးပြီး ရေးရတဲ့ဟာတွေ များတယ်။ အဲဒီတော့ ကျနော်ထင်တယ်၊ အဲဒီလို အယ်ဒီတာ့အာဘော်ဆိုတဲ့ ဟာမျိုးကတော့ မြန်မာပြည်ရဲ့ ဂျာနယ် တွေမှာ ပိုပြီး လိုအပ်လာ မယ်လို့ ကျနော်ထင်တယ်။

ကိုဘကောင်း ။ ။ ကျနော်မြင်တာကတော့ အစိုးရကတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတရပ်မှာ ရှိသင့် ရှိအပ် တဲ့ လွတ်လပ်တဲ့ မီဒီယာ ရှိတယ်ဆိုတာကို ဖော်ပြနိုင်အောင်တော့ ဒါမျိုးလေးကိုတော့ အခုလိုမျိုး ရေးသားမှုလေးတွေ ကိုတော့ အတန်အသင့်တော့ ခွင့်ပြုမှာပဲဗျ။ ဒါပေမယ့် အခု အနေအထားကတော့ အမည်ခံ အဆင့်လောက်ပဲ ခွင့်ပြု မယ်ဗျ။ တဖက်ကလည်း ဒီမီဒီယာကို ထိန်းချုပ်ထားတယ်။ နောက်ပြီးတော့ မီဒီယာကလည်း အဲဒီထိန်းချုပ်ထားတဲ့ ကြားက သတင်းတွေ ဖော်ပြလို့ မရအောင် သတင်းတွေကို အမှောင်ချထားတယ်ဗျ။ အဲလိုဆိုရင် ဒီအခြေအနေမှာ ပြည်သူလူထု က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြည့်ပြည့်စုံစုံ မသိဘဲနဲ့ မီဒီယာ ကိုယ်တိုင်က ပြည့်ပြည့် စုံစုံ မသိဘဲနဲ့ ကျနော်တို့တွေ အားလုံးက ရွေးကောက်ပွဲကို ၀င်ရောက်ရမယ့် အနေအထားမှာ ရှိတယ်ဗျ။

ကိုကျော်စွာမိုး ။ ။ အဲဒါနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲ တခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ တခြား ရေးရာ ကိစ္စတွေမှာလည်း မြန်မာစစ်အစိုးရက အားလုံး အမှောင်ချထားတာကိုး။ ဒီနေရာမှ မီဒီယာက သွားပြီး ပြဿနာ တက်တတ်တယ်။ အခုထက်ထိ စနစ်တကျ ဘယ်ကာလမှာ မဲဆွယ်စည်းရုံးရေး လုပ်ရမယ်၊ ဘယ်ကာလမှာတော့ ရွေး ကောက်ပွဲကို ကျင်းပမယ် ဆိုတာတောင် သေချာမသိဘူး။ ဆိုတဲ့အခါကျတော့ အကုန်လုံး အစီအစဉ်တွေက တလွဲစီ တချော်စီ ဖြစ်နေပြီးတော့ မီဒီယာကနေပြီးတော့ Report လုပ်ရတဲ့အခါမှာလည်းပဲ လက်လှမ်းသင့်ရာ လုပ်နေရပုံ ရ တယ်။

ကိုထက်အောင် ။ ။ ဟုတ်တယ်။ အဲဒီတော့ ကျနော် ဟိုတလောကပဲ သတင်းခေါင်းစဉ် တခုဖတ်ရတာယ်။ “နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရေး စတင်” ဆိုပြီး ကျနော် တွေ့ရတယ်။ တကယ့် တကယ် မဲဆွယ် စည်းရုံးရေး ကာလက မရောက်သေးဘူး။ ပြောချင်တာက ခုနက သတင်း အမှောင်ချတယ်ဆိုတဲ့ ကိစ္စပေါ့ဗျာ။ ရွေးကောက်ပွဲ ကော်မရှင်က သူတို့ ဘယ်အဆင့် ဘယ်အဆင့်တွေကို ဘယ်အချိန် ဘယ်ကာလမှာ သူတို့ လုပ်မယ်ဆိုတဲ့ ဟာမျိုး ပြည်သူကို အသိ ပေးတာ မရှိဘူး။ အဲဒီလို အသိပေးတာမရှိတဲ့ အတွက်ကြောင့် ဂျာနယ်တွေကလည်း ဒါကို မသိရဘူး။ မသိရတဲ့ အခါ ကျတော့ ပါတီတွေရဲ့ ပါတီဝင် စည်းရုံးရေး လုပ်ငန်းတွေ လုပ်တဲ့ဟာကိုပဲ ဂျာနယ်တွေက မဲဆွယ်စည်းရုံးရေး စပြီး လုပ်နေပြီလို့ ထင်ယောင်ထင်မှား ဖြစ်ပြီးတော့ ရေးတာသားတာတွေကို တွေ့ရတယ်။

ကိုဘကောင်း ။ ။ ပြည်သူလူထုကို အသိပညာပေးမယ့် မီဒီယာကိုယ်တိုင်ေ၀၀ါးသွားစေအောင် ဆိုပြီးတော့ အစိုးရက နေပြီးတော့ သတင်းအမှောင် ချတာပေါ့ဗျာ။

ကိုကျော်စွာမိုး ။ ။ ကိုထက်အောင်နဲ့ကိုဘကောင်းရေ၊ ကျနော်ထင်တာတော့ မြန်မာပြည်နိုင်ငံရေးရဲ့ အဓိကပြဿနာ ကတော့ ကျန်တဲ့ စီးပွားရေး ပြဿနာ၊ နိုင်ငံရေး ပြဿနာတွေမှာလိုပဲ မီဒီယာရဲ့ ပြဿနာကလည်းပဲ အဓိက ကတော့ အစိုးရရဲ့ ပိတ်ပင်ထားတဲ့ အချက်ကတော့ အကြီးဆုံးအချက်ပေါ့လေ။ တကယ်လို့များ အစိုးရက မပိတ်ပင်ဘူး ဆိုရင် တောင်မှပဲ ဒီလိုမျိုး ရွေးကောက်ပွဲတခုကို စောင့်ကြည့်ပြီးတော့ သတင်းတွေ ရေးသားပေးပို့နေဖို့ ဆိုရင်တော့ မီဒီယာ စာနယ်ဇင်းတွေမှာ အများကြီး ဒီထက်ပိုပြီးတော့ တိုးတက်ဖို့ လိုတယ်။ ဒ်ီထက်ပိုများတဲ့ ဂျာနယ်လစ်တွေ၊ စာနယ်ဇင်း သမားတွေ ပိုလိုမယ်လို့ ကျနော် ထင်တယ်။ နောက်တချက်က တပြိုင်နက်တည်းမှာ သူတို့ကိုယ်တိုင်လည်း ပိုပြီးတော့ ပြင်ဆင်ရလိမ့်မယ်ပေါ့လေ။ တခါတုန်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာရှင်တွေတချို့က ပြောဖူး တယ်။ မြန်မာ ပြည်ရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်မယ်ဆိုရင် လူပေါင်း ၁ သောင်း၊ ၂ သောင်း အထိတောင် လိုနိုင် တာကိုး။ အဲဒီ ထဲက အများစုကလည်း မီဒီယာသမားတွေ ဖြစ်နေမှာပေါ့။ တကယ်တော့ အဲဒီလောက် အင်အားတောင် မှ ကျနော်တို့ ပြည်တွင်းမှာရော၊ ပြည်ပမှာရော ရှိတာမဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ မြန်မာပြည် လာမယ့်ရွေးကောက်ပွဲ အတွက်က တော့ မီဒီယာတွေကတော့ လက်ရှိ တွေ့ရသလောက်ကတော့ အများကြီး ကြိုးစားနေတာကို တွေ့ရ တယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက်အထိ မြို့ပေါ်က ပြည်သူတွေရော၊ မြို့ပြနဲ့ ဝေးကွာတဲ့ ကျေးလက်က ပြည်သူတွေရော ဘယ် လောက်ထိ မှန်ကန်တဲ့ ပြည့်စုံတဲ့ သတင်းတွေ ပေးနိုင်မလဲဆိုတာကို ကျနော်တို့ရဲ့ အဓိက စိန်ခေါ်မှုကြီး ဖြစ်လိမ့်မယ် လို့ ထင်ပါတယ်။