Friday 18 June 2010

ဆိတ်မြီးနှင့်ကျားမြီး မှားဆွဲမိသူများ

နိုင်ငံရေးပါတီများ မဟာမိတ် ပြုလုပ်ဖွယ်ရှိ
ဧရာဝတီ Friday, June 18, 2010

ပါတီဝင် အင်အား၊ ငွေကြေးနှင့် အချိန် အခက် အခဲများကို ရင်ဆိုင် နေရသည့် အတွက် မှတ်ပုံတင် ခွင့်ပြုချက်ကို ရရှိထားသော ပါတီများက အတူ ပူးပေါင်း ဆောင်ရွက်ကာ မဟာမိတ် ပြုလုပ်သွားဖွယ်ရှိကြောင်း ပါတီမှလာသော သတင်းမျာက ဆိုသည်။

ပြီးခဲ့သော ရက်ပိုင်းက ပါတီများ စာရွက်စာတမ်း ထုတ်ဝေခွင့်ကို အစိုးရက ချပေးခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် ထုတ်ဝေရန် ကြန့်ကြာမှုများရှိ သကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အတွက် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းမှာလည်း ပါတီများအတွက် ၀န်ထုတ်တခုသဖွယ်ဖြစ်ကြောင်း သိရသည်။
“အခုချိန်မှာ အချိန်ရယ်၊ လူရယ်၊ ငွေရယ် အားနည်းချက်တွေရှိတယ်၊ ပြည့်စုံမှုမရှိဘူးလေ၊ ပါတီတွေ အားလုံးက စုပေါင်းပြီး အလုပ် တာဝန်တွေကို ခွဲဝေပြီးလုပ်မယ်ဆိုရင် ဒီတာဝန်ကို ထမ်းနိုင်မယ်လေ”ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)မှ ဦးဖြိုးမင်းသိန်း က ဆိုသည်။

ယင်းအတွက်ကြောင့် UDP ပါတီအနေဖြင့် တိုင်းရင်းသားပါတီများအပါအ၀င် နိုင်ငံရေး ခံယူချက်တူညီသော ဒီမိုကရက်တစ် ပါတီများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကို ကြိုဆို လိုက်သော် လည်း မဟာမိတ်ပြုရန်အတွက်မှု အချိန်လိုအပ်ကြောင်း၊ နိုင်ငံရေးတွင်သာ ပူးပေါင်း ဆောင်ရွက်မှု အဆင့်ထိကို မရောက် နိုင် သော်လည်း အားလုံးမှာ မိတ်ဆွေများဖြစ်ကြောင်း မဟာမိတ်လုပ်ဆောင်ခြင်းထက် ညှိနှိုင်း လုပ်ဆောင်ရန် အစီအစဉ် ရှိကြောင်း ဆိုသည်။

“ရွေးကောက်ပွဲ ၀င်တဲ့ အချိန် မဲဆန္ဒနယ်တွေမှာ ညှိပြီးလုပ်လို့ရှိရင် ဒီမိုကရေစီ အင်အားစုတွေအတွက် အောင်မြင်တာပေါ့၊ ဘဏ္ဍာ ရေး အခက်အခဲရှိတယ်၊ အချိန်လည်းလိုတယ်ဆိုတော့ ကျမတို့ တတိုင်း တပြည်လုံး မ၀င်နိုင်ဘူးဆိုရင်တော့ ဥပမာ ကျမတို့နဲ့ ညှိနှိုင်းတယ်၊ အဆင်ပြေတဲ့ ပါတီတွေမှာ ပြည်နယ်နဲ့ တိုင်းတွေမှာ ၀င်တယ်ဆိုရင် ကျမတို့က ၀င်ပြီးတော့ ယှဉ်ပြိုင်စရာ မလိုဘူး ပေါ့၊ တညီတညွတ်တည်း လုပ်ဖို့ကတော့ အကောင်းဆုံးပါပဲ”ဟု ဒေါ်သန်းသန်းနုက ပြောသည်။

ရှမ်းတိုင်းရင်းသားပါတီတချို့ဖြင့် ညှိနှိုင်းဆောင်ရွက်မှု တချို့ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲကာလက အဓိက ပြိုင်ဘက် နိုင်ငံရေး ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့သည် အခြားသော ပါတီများနှင့် မဟာမိတ်ဖွဲ့၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါ်နန်းရွှေကြာက“ကိုယ်နဲ့သွားတဲ့ လမ်းကြောင်းချင်း တူမယ်၊ အမြင်ချင်းတူမယ်၊ ရည်ရွယ်ချက်ချင်း တူမယ်ဆိုရင်တော့ ညှိနှိုင်း ဆွေးနွေးဖို့ အစီအစဉ်ရှိပါတယ်၊ ပြည်တွင်းမှာ ရှိတဲ့ ဂျာနယ်တွေကနေ ဖော်ပြနေတဲ့ တဖွဲ့ခြင်းရဲ့ မူဝါဒ သဘောထား ကိုလည်း လေ့လာနေပါတယ်”ဟုဆိုသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၄ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
Copy from www.irrawaddy.org