Friday 30 April 2010

ဒီလိုလူမျိုးတွေရှိနေသရွေ့ လူမျိုးတုံးနေမည်

ထိုင်း-မြန်မာ နယ်စပ်တွင် စိတ်ကြွဆေး ၂ သိန်း ဖမ်းမိ
ဧရာဝတီ Friday, April 30, 2010 .မူးယစ်ဆေး သယ်ဆောင်လာ သူများနှင့် ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည် ဟု ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရသည်။

တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်နှင့် မူးယစ်ဆေးများ (ဓာတ်ပုံ - thairath.co.th)
ထိုင်းစစ်တပ်က သတင်းအရ ချင်းမိုင် ခရိုင် မယ့်အိုင် မြို့နယ်အတွင်း စောင့်ဆိုင်း ခဲ့သည်ဟု ဆိုသည်။

“နယ်စပ် ဒေသမှာ မူးယစ်ဆေး မှောင်ခို ကူးတာက အခုဆိုရင် အရမ်း များလာတယ်။ ဒီထက် ပိုပြီး များလာမှာကို ကျနော်တို့ စိုးရိမ် နေကြတယ်” ဟု ချင်းမိုင် အခြေစိုက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဖွန်ထစ်အင်ပရာဖိုင်က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဒေသ တရားမ၀င် မူးယစ်ဆေး လုပ်ကိုင်သူ များထဲတွင် ၀၊ လားဟူ၊ လီဆူး စသည့် တိုင်းရင်းသား လူမျိုးစု မူးယစ်ဆေး ကုန်ကူးသူများ ပါဝင်နေသည်ဟု သူက ပြောသည်။

မူးယစ်ဆေးထုတ်လုပ်မှုတွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား သူပုန် အဖွဲ့ တချို့ ပါဝင် နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မူးယစ်ဆေး သယ်ဆောင်သည့် အဖွဲ့တဖွဲ့နှင့် နယ်စပ်ဒေသတွင် တိုက်ပွဲ ဖြစ်ပွား အပြီး စိတ်ကြွဆေးပြား ၆၅၀ ၀၀၀ ဖမ်းဆီး မိကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့သည်။ မူးယစ်ဆေး သယ်ဆောင်သူများသည် ၀ လက်နက်ကိုင် အဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုစဉ်က ဖော်ပြခဲ့သည်။
Copy from www.irrawaddy.org

NLD's April 30, 2010 Statements.

NLD's April 30, 2010 Statements.

ရေအသက် တမနက်

ဘူးသီးတောင်မြို့နယ်တွင် ရေရှားပါး၍ တောနေလူထု အခက်ကြုံနေရ
4/30/2010

(ထွန်းထွန်း) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရေရှားပါးမှုဖြစ်သောကြောင့် တောလက် ကျေးရွာနေ ဒေသခံများ အနေဖြင့် အထူး အခက်အခဲ့ ကြုံ တွေ့နေရသည် ဟုသတင်းရရှိသည်။

ယခုကဲ့သို့ အခက်ကြုံနေရသော ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။

“အခု ရေရှားပါးနေတဲ ကျေးရွာတွေကတော့ ဘူးသီးတောင် မြောက်ပိုင်း တောင်ဘဇား အထက်ပိုင်း ဒေသမှာ တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။ အဓိက သောက်ရေ သုံးရေ မရဘဲ ဖြစ်နေတဲ့ ကျေးရွာတွေကတော့ တောင်ကြီးရင်း၊ ကြာရှည်၊ ကြာညိုပန်း၊ ပန်းဘဲချောင်း၊ ဇီးဒုံ၊ ခတီလှ၊ ရွာသာယာ၊ ဂုတ်ပီ၊ ကျွန်းပေါက်နဲ့ တခြား ရွာငယ်လေးတွေ ဖြစ်ကြပါတယ်။”

အဆိုပါ ကျေးရွာများမှာ တောင်ခြေရင်တွင် တည်ရှိသော ကျေးရွာများ ဖြစ်ပြီး ရေရရှိရန်အတွက် ချောင်းကမ်းပါးအနီး အထိ ဆင်းလာရကာ လက်ယပ်တူး တွင်းငယ်များကို တူးဖော်ကာ အသုံးပြုနေရသည်ဟုသိရသည်။

“ခုလို သောက်ရေ သုံးရေ အခက်အခဲ ကြုံနေရတဲ့ ကျေးရွာသားတွေက အနည်းဆုံး လူပေါင်း ၅၀၀၀ ခန့်ရှိမယ် ထင်ပါတယ်။ ရွာတရွာမှာ အိမ်ခြေ ၄၀ ကနေ ၁၂၀ ထိ ရှိတဲ့အတွင် အနည်းဆုံး လူပေါင်း ၅၀၀၀ လောက် အခက်ကြုံနေရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအခါ သောက်ရေ သုံးရေ မရရှိသဖြင့် မသန့်ရှင်းသော ရေကို အသုံးပြုနေကြရသဖြင့် လူတော်တော်များများမှာလည်း ၀မ်းလျော့ ရောဂါ ဖြစ်ကာ ဆေးရုံရောက်နေကြရသည်ဟု ကျွန်းပေါက်ရွာသားတဦးက ပြောသည်။

“ကျနော်တော်တို့ နေတဲ့ ရွာကျတော့ ရေတွင်း၊ ရေကန်လည်း မရှိဘူး။ စမ်းချောင်းကို အသုံးပြုနေကြရတယ်။ အခု စမ်းချောင်းကလည်း ခြောက်သွားပြီ။ ဆိုင်ကနေ ရေသန့်ဗူး တွေကိုပဲ ၀ယ်ယူ သုံးစွဲနေရတယ်။ ဒါပေမဲ့လည်း လူတိုင်းတော့ မတတ်နိုင်ဘူးလေ။ ခုတော့ မသန့်ရှင်းတဲ့ ရေတွေကို သုံးနေကြတော့ ၀မ်းလျှော့ရောဂါ ဖြစ်ပီး လူတွေ ဆေးရုံ ရောက်နေကြရတယ် ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်တွင် ရိုးရိုး အလုပ်သမား တယောက်၏ လုပ်အားခမှာ ကျပ် ၁၀၀၀ ကနေ ကျပ် ၂၀၀၀ အထိ ရှိသော်လည်း ရေသန့်ဗူး တလီတာမှာ ကျပ်ငွေ ၄၀၀ နှင့် ၅၀၀ အကြား ရှိသဖြင့် သာမန်လူများ ၀ယ်ယူ သောက်သုံး နိုင်ခြင်း မရှိကြောင်း သိရသည်။

နှစ်စဉ် ပျှမ်းမျှ မိုးရေချိန် လက်မ ၁၂၀ ကျော် ရွာသွန်းသော ရခိုင်ပြည်နယ်တွင် မြို့များတွင် သာမက ကျေးလက်တောရွာများတွင် နှစ်စဉ် နွေရာသီ ရောက်လျှင် ရေရှားပြီး မိုးခေါင်ရေရှား ရပ်ဝန်း ဖြစ်သော မြန်မာ နိုင်ငံ အလယ်ပိုင်းတွင် ရေရှားပါးမူ မရှိခြင်း ဖြစ်နေခြင်းမှာ မြန်မာ စစ်အစိုးရ အာဏာပိုင်၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်သူများက ထင်မြင် ယူဆနေကြသည်ဟု သိရသည်။
Copy from www.narinjara.com

Thursday 29 April 2010

ဘ၀နှင့် ဘာသာကို လဲသူများ

4/29/2010
မောင်အေး(နိရဉ္စရာ)

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ်တွင် နေထိုင်ကြသည့် ရခိုင်မျိုးနွယ်စု ဗုဒ္ဓဘာသာ မာရမာလူငယ် ၈ ဦးသည် ယခုလ ၂၁ ရက်နေ့က ခရစ်ယာန် ဘာသာသို့ ကူးပြောင်း သွားခဲ့သည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာ အဖြစ်မှ ခရစ်ယာန်ဘာသာသို့ မာရမာ လူငယ်များ ကူးပြောင်းသွားခြင်းမှာ အဆိုပါ ဒေသတွင် ပထမဆုံး အကြိမ်ဖြစ်သည်ဟု မော်ကောက်ကျေးရွာ ဆရာတော် ဦးဝိသာရဓ ယခုကဲသို့ မိန့်ကြားသည်။

“သူတို့ ဘာသာကူးပြောင်းသွားတာက ဒီလ ၂၁ ရက်နေ့ကဖြစ်တယ်။ အယင်က ဒီလို ကူးပြောင်းတာ မရှိဘူး။ နောက်ဆို ပိုများ လာနိုင်တယ်။ ခုကူးပြောင်းသွားတဲ့ လူငယ်တွေ အားလုံးက ကျောင်းတက် နေကြတဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။”

အဆိုပါ လူငယ်များမှာ အသက် ၂၀ ၀န်းကျင် အရွယ်များ ဖြစ်ကြပြီး ဘင်ဒရာဘင်ခရိုင် တန်းဆိပ် မြို့နယ် ဒက်ဆွဲရွာ၊ ကြောင်ချောင်းရွာ၊ ပန်းချောင်းရွာနှင့် ကျောက်စုကျေးရွာမှ ဖြစ်ကြသည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသို့ ကူးပြောင်းသွားခြင်းမှာ စားဝတ်နေရေး ခက်ခဲမှုနှင့် ပညာ သင်ကြားရန် အခွင့် အလမ်းများ ရရှိလိုခြင်းကြောင်း ဖြစ်သည်ဟု တခြား ဆရာတော် တပါး ဖြစ်သူ အရှင် ၀ိသုဒ္ဓက ယခုကဲ့သို့ ပြောသည်။

“ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေက ဒီဒေသမှာ အရမ်းကို ဆင်းရဲ နွမ်းပါးကြတယ်။ အဓိကတော့ ခရစ်ယာန်ဘာသာထဲကို ၀င်ရင် ပညာသင်ကြားရေး အတွက် အခွင့်အရေး ရမယ်။ ပီးတော့ ခရစ်ယာန် ဘာသာထဲ ၀င်သွားရင် သူတို့အတွက် လောလောဆယ်မှာ သူတို့ ရင်ဆိုင်နေရတဲ့ ဆင်းရဲ နွမ်းပါးတဲ့ အခက်အခဲတွေက လွှတ်မြှောက်ပီး အဆင်ပြေသွားမယ်။ ဒီလိုစတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့ ဘာသာ ကူးပြောင်းသွာကြတာပါ။ မိဘတွေလည်း သိလိုက်တာ မဟုတ်ပါဘူး။ အခု မိဘတွေက အဲဒီထဲက ၃ ယောက်ကို ပြန်ပြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလာဖို့ ပြန်ပြောနေတယ်။ ကျန်တဲ့သူ ၅ ဦးကတော့ လုံးဝ ပြန်မကူးပြောင်းတော့ဘူးလို့ ပြောတယ်။”

ယခု ဗုဒ္ဓဘာသာဝင်များကို ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရန် စည်းရုံးနေသူမှာ ရခိုင်ပြည်နယ်မှ လာရောက်သူ တဦးဖြစ်သည်ဟု မာရမာ လူကြီး တဦးက ပြောသည်။

“အခု စည်းရုံးနေတဲ့ ဓမ္မဆရာက ရခိုင်ပြည်ကလာတဲ့ ဦးကျော်သာဖြစ်တယ်။ သူက ပညာသင်ပေးမယ် နောက်ပြီး နိုင်ငံခြားကို ပို့ပေးမယ်ဆိုပြီး ဒေသအတွင်းက လူငယ်တွေကို စည်းရုံးပြီး ခရစ်ယာန် ဘာသာကို ၀င်ခိုင်း နေတာဖြစ်တယ်။”

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း တောင်တန်းနယ်နှင့် မြန်မာ နိုင်ငံ အနောက်ဘက်နယ်စပ် တလျှောက်တွင် နေထိုင်သော ခမီး၊ မြို၊ မြုံနှင့် လင်ကြေး လူမျိုးများမှာ ယခင်က ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသော်လည်း ယခုအခါ ခရစ်ယာန်ဘာသာကို ကိုးကွယ်နေကြပြီး ရခိုင်မျိုးနွယ်စု မာရမာလူမျိုးများ အနေဖြင့် ခရစ်ယာန်ဘာသာသို့ ယခုအခါ စတင် ကူးပြောင်း ၀င်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
Copy from www.narinjara.com

နအဖဂစ် ဒါဏ်သင့်နေသော ဘိုကလေး ရွာသားများ

နာဂစ်သင့်ဒေသတွင် အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာ
စိုးမိုး/ ၂၉ ဧပြီ ၂ဝ၁ဝ

နာဂစ်ဒဏ်သင့်ကျေးရွာများတွင် တာဝန်ကျရဲများနှင့် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများက အာဏာအလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေကြသောကြောင့် ဒေသခံများ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးနေကြကြောင်း သိရသည်။

နာဂစ်ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကျေးရွာများတွင် လောင်းကစားဝိုင်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဆက်ကြေးယူကာ အကာအကွယ်ပေးထားပြီး နာဂစ်ကြောင့် ပျက်စီးခဲ့သည့် အိမ်ရာများ ပြန်လည်ဆောက်လုပ် အခြေချသူများကိုလည်း ငွေရှင်များနှင့် ကျေးရွာအာဏာပိုင်တို့က ပူးပေါင်းကာ ဆောက်လုပ်ခွင့် ချမပေးကြကြောင်း နာဂစ်လေဘေးဒုက္ခသည်များထံမှ သိရသည်။

“နာဂစ် မဖြစ်ခင်တုန်းက ကျနော့်အဒေါ်ရယ် ကျနော်တို့ မိသားစုရယ် မိသားစု (၂) စုနေခဲ့တာခင်ဗျ။ နာဂစ်ဖြစ်တော့ မိသားစု (၂) ခုလုံးမှာ ကျနော်တယောက်ပဲ အသက်ရှင်ကျန်ခဲ့ပါတယ်။ အဲဒါ ကျနော် အလုပ်လှည့်လုပ် ပိုက်ဆံစုပြီး အခု ကျနော့်ခြံမှာ အိမ်ပြန်ဆောက်တာကို ဘေးခြံချင်းကပ်လျက် အိမ်က သူတို့ခြံပါဆိုပြီး ရွာလူကြီးကလည်း ကျနော့်ခြံမှန်း သိလျက်နဲ့ စာထုတ်ပေးတယ်။ ဥက္ကဋ္ဌ ဦးစိန်လွင်က အိမ်ကို တံဆိပ်တုံးရိုက်ပြီး ဖျက်ပေးရမယ်ဆိုပြီးတော့ အဲလိုတွေ လုပ်နေပါတယ်” ဟု နာဂစ်ဒဏ်သင့် ဘိုကလေးမြို့နယ် ပျဉ်ဖိုးကြီးရွာ ဒေသခံတဦးက ပြောသည်။

ယင်းကဲ့သို့ ဖြစ်ရပ်များ နာဂစ်သင့်ဒေသ ကျေးရွာများတွင် ဖြစ်ပေါ်နေသော်လည်း ဒေသခံ ငွေကြေးချို့တဲ့ အားနည်းသူများမှာ သက်ဆိုင်ရာမြို့နယ် မြေစာရင်းဦးစီးဌာန၊ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်တရားရုံးတို့မှ တရားရေးဆိုင်ရာဌာနများသို့ အကူအညီ မတောင်းတတ်ဘဲ ရှိနေသည်ဟု သိရသည်။

“ကျနော် အခု အိမ်ဆောက်ပြီးကာစမှာ ဖျက်ပေးရမယ်ဆိုတဲ့ စာရတော့ ဘာလုပ်ရမှန်း မသိဘူးခင်ဗျ။ ဖျက်တော့မဖျက်ဘူး ဆိုပြီး အခု အသိတွေကို လျှောက်မေးနေတာ။ ဘာလုပ်ရမလဲဆိုတာ။ ရွာလူကြီးကတော့ တံဆိပ်တုံးရိုက်ပြီး အိမ်ဖျက်ရမယ် ပြောတယ်။ ကျနော့်မှာ အဲဒီစာရှိတယ်” ဟု ဘိုကလေးမြို့နယ် ပျဉ်ဖိုးကြီးကျေးရွာ ဒေသခံက ပြောသည်။

ထို့အပြင် နာဂစ်အပြီး ပြန်လည်ထူထောင်ကာစ ကျေးရွာများတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက ဆက်ကြေးကောက်ကာ ချဲဒိုင်၊ နှစ်လုံးထီဒိုင်များ လုပ်ကိုင်လာမှုကြောင့် ဒေသခံများက တပိုင်တနိုင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ၀က်၊ ဘဲများကို ရောင်းချကာ နှစ်လုံးထီထိုးမှု များပြားလာနေကြောင်း ဘိုကလေးမြို့နယ် ကျွန်းညိုကြီးကျေးရွာအုပ်စု ဒေသခံက ပြောသည်။

၎င်းက “နယ်ထိန်းရဲ ဦးအောင်ဘနဲ့ ရယကပေါင်းပြီး နှစ်လုံးထီ ဒိုင်တခုကို တလ ကျပ် (၄) သောင်း တောင်းတယ်ခင်ဗျ။ ဒိုင် (၅) ခုရှိတယ်ခင်ဗျ။ ရဲတွေကိုယ်တိုင် လုပ်နေတာဆိုတော့ ကျနော်တို့ရွာကလည်း ဘယ်သူ့ကို တိုင်ရမှန်း မသိဘူး” ဟု ပြောသည်။

ယင်းသို့ အာဏာအလွဲသုံးစားလုပ် စီးပွားရှာနေမှုများကို နာဂစ်ဒဏ်မှ ပြန်လည်ထူထောင်ကာစ ကျေးရွာဒေသခံများအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့သို့လည်း မတိုင်ရဲဘဲ အခက်အခဲများ ဖြစ်နေကြောင်း သိရှိရသည်။
Copy from www.khitpyaing.org

လိုင်စင်ရ ဒါးမြများ တနင်္သာရီကမ်းရိုးတန်းတွင် သောင်းကျန်းနေ

မြန်မာ့ရေတပ် အဓမ္မ စီးပွားရှာ
မိုးစက် Thursday, April 29, 2010

မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်မြို့ရှိ ငါးဖမ်းစက်လှေ များထံမှ မြိတ်အခြေစိုက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် အရာရှိများနှင့် တပ်သားများက စက်သုံးဆီ ဒီဇယ်များကို အဓမ္မ တောင်းယူ စီးပွားရှာ နေကြောင်း သိရသည်။

တနင်္သာရီ ကမ်းရိုးတန်း ဒေသတွင် ငါးဖမ်းထွက်သည့် ဤသို့သော ပုဂ္ဂလိက ငါးဖမ်းလှေများထံမှ ရေတပ်က ဆီများတောင်းခံလေ့ရှိသည်
ဒေသခံ ပြည်သူများ၏ ပြောဆိုချက်အရ လှေငယ်လျှင် ဒီဇယ် ၅ ဂါလံမှ ၂၀ ဂါလံ အထိ တောင်းခံပြီး ၀ါလတ် စက်လှေ ကြီးများထံမှ ဆီတပီပါ (ဂါလန် ၅၀)၊ ၀ါတန် စက်လှေ ကြီးများထံမှ ဆီ ၂ ပီပါ (ဂါလန် ၁၀၀) အထိ တောင်းယူ နေကြောင်း ငါးဖမ်း စက်လှေ သမားများက ပြောသည်။

ရေတပ် အရာရှိနှင့် တပ်သားများသည် ငါးဖမ်း စက်လှေကို မြင်သည်နှင့် တာဝန်ကျရာ ကျွန်းမှ စက်လှေနှင့် ရောက်ရှိလာကာ ဒီဇယ်များကို တောင်းခံပြီး ပြန်လည် ရောင်းစား ကြကြောင်း၊ ဒီဇယ် မပေးပါက ငါးပုံးထဲမှ ဈေးကောင်းသည့် ငါးများကို နှိုက်ယူသွား ကြကြောင်း ငါးဖမ်း စက်လှေဖြင့် အသက် မွေးနေသူ မြိတ်မြို့သား တဦးက ပြောသည်။

“ဘယ်ငါး ဈေးကောင်းတယ် ဆိုတာကို သူတို့က သိတယ်လေ။ ကတ်ကူရံ ငါးဆို တကီလိုကို သောင်းချီ ရနေတာ။ မပေးရင် တခါတလေ လူကိုပါ ပြဿနာရှာတယ်၊ ရိုက်သွားတာမျိုးတွေ၊ ခြိမ်းခြောက်တာ မျိုးတွေရှိတယ်။ မြိတ်ဘက်ကိုရောက်လာတဲ့ ရေတပ်စစ်သားတွေက ကြမ်းတယ်” ဟု သူက ဆိုသည်။

အမှတ် ၄၉ ရေတပ်ကို မလိကျွန်းတွင် ရှေ့တန်းအဖြစ် စခန်းချထားပြီး အနီးပတ်ဝန်းကျင်ဖြစ်သော သင်္ကန်းအော်၊ မွန်တုံးကြီး၊ လင်းလွန်း၊ ကန်မွန် အစရှိသည့် ရွာများတွင်လည်း ရှေ့တန်းရေတပ်စခန်းများ ချထားကာ အဆိုပါ ရွာများ အနားသို့ကပ်လာသော ငါးဖမ်းလှေများကို မြင်လျှင် နောက်မှလိုက်၍ စက်သုံးဆီ တောင်းကြသည်ဟု ဒေသခံများက ပြောပြသည်။

ပုဂ္ဂလိက ငါးဖမ်းစက်လှေများထံမှ တောင်းယူပြီးသော စက်သုံးဆီများကို မြိတ်မြို့တွင်းရှိ လုပ်ငန်းရှင် များထံ ပြန်လည် ရောင်းချလေ့ရှိကြောင်းလည်း သိရသည်။

မြိတ်မြို့အခြေစိုက် လုပ်ငန်းရှင်များနှင့် ရေတပ်သားများသည် စီးပွားရေးအရ ဆက်ဆံမှုများရှိနေပြီး ငါးဖမ်း စက်လှေများကို ဆီလိုက်လံတောင်းခံရန် စက်လှေများကိုလည်း အဆိုပါ လုပ်ငန်းရှင်များထံမှ တလ ကျပ် ၅ သိန်းဖြင့် ငှားသုံးကြကြောင်း ငါးဖမ်း လုပ်ငန်းရှင် တဦးကပြောသည်။

“မြိတ် ရေတပ်စခန်းမှာ ၆ လတခါလောက် ဗိုလ်တွေ အလှည့်ကျ ပြောင်းကြတယ်။ ဗိုလ်တစ်ဗိုလ် ပြောင်းတိုင်း မြိတ်ကနေ ကျပ် သိန်းတထောင်လောက် လုပ်ကျွေးလိုက်တယ်လေ။ လက်အောက် ငယ်သား လိုက်တောင်း ပေးတဲ့ စစ်သားတွေကို ရှင်းပြီးတာတောင် အဲဒီလောက် ကျန်တယ်ဗျာ” ဟု သူကဆိုသည်။

မြိတ်မြို့ဒေသခံများ၏ အဆိုအရ မြိတ်မြို့တဘက်ရှိ ဇလိုင်ကျွန်းတွင် ရေတပ်အမြောက်တပ် တပ်ခွဲရှိပြီး ရေရေရာရာ အလုပ်မရှိသော ထိုအမြောက်တပ် တပ်သားများသည် လှေငှားသုံးကာ ဆီတောင်းခံခြင်းတွင် အကြမ်းဆုံးဟုသိရသည်။

“ဆီမပေးလို့ကတော့ တန်ဖိုးရှိတာအကုန်သိမ်းတယ်။ ကင်းမွန်ဖမ်းတဲ့ စက်လှေဆို အနည်းဆုံး ဂါလံ ၈၀ ပေးရတယ်၊ မပေးချင်ရင် သူတို့ကိုမြင်တာနဲ့ လွတ်အောင်ပြေးရတယ်။ အခုနောက်ပိုင်းတော့ လှေငယ်တွေထက် ကင်းမွန် စက်လှေကြီးတွေကို တောင်းတာပိုများတယ်” ဟု စက်လှေ ရေလုပ်သား တဦးက ဆိုသည်။

မြိတ်မြို့သည် ရေလုပ်ငန်းအဓိကကျသော ဒေသဖြစ်ပြီး နိုင်ငံခြားသို့ ရေထွက်ပစ္စည်းအများဆုံး တင်ပို့ရာ နေရာလည်းဖြစ်သည်။

ထိုဒေသရှိ ဒေသခံအများစုမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး ငါးဖမ်းစက်လှေငယ်များ ပိုင်ဆိုင်ကြသည်။ အစဉ်အဆက် ရေလုပ်ငန်းဖြင့် အသက်မွေးနေသူများလည်းဖြစ်သောကြောင့် ငါးဖမ်းစက်လှေ အများစုမှာ လုပ်ငန်း မထိခိုက်စေရေးအတွက် မြိတ်ရေတပ်မှ တောင်းဆိုသမျှကို လိုက်လျောရသည်ဟု သိရသည်။
Copy from www.irrawaddy.org

Wednesday 28 April 2010

NLD အလံ သုံးလျှင် ဦးခင်မောင်ဆွေ ကန့်ကွက်မည်

ခိုင်စု ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၉ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ မေလ ၆ ရက်နေ့နောက်ပိုင်း NLD လူမှုရေးလုပ်ငန်း လုပ်ကိုင်သည့်အခါ ပါတီအမည်နှင့် အလံအား ဆက်လက်သုံးစွဲပါက ကန့်ကွက်သွားမည်ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။

“တိုင်တာတွေ လုပ်မှာ မဟုတ်ပါဘူး။ နိုင်ငံရေး သဘောအရ သဘောမတူလို့ ကန့်ကွက်သွားမှာပါ။ ကျန်တာကို ကော်မရှင်က လုပ်သွားမယ့် သဘောပါ။ ကျနော်တို့ စွက်ဖက်စရာ အကြောင်းမရှိပါဘူး” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“၈၈ ခုနှစ်က ဒီမိုကရေစီတိုက်ပွဲကို ဂုဏ်ပြုပြီးတော့ ကျောင်းသားတွေရဲ့ ခွပ်ခေါင်းအမှတ်လက္ခဏာကို အခုမှ လာပြီးတော့ကာ လူမှုရေးတွေအတွက် သုံးမယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သုံးမယ်ဆိုလို့ရှိရင် လက်မခံဘူးဆိုတာကို အတိအလင်း ကန့်ကွက်ခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုလ ၂၆ ရက်နေ့ CEC အစည်းအဝေးတွင် ပါတီဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိရေး၊ မထားရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာ သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သည်။

အခြားသော ဗဟိုအလုပ်မှုဆောင်ဝင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ “ပါတီကို ဖျက်သိမ်းတယ်၊ ပျက်ပြယ်တယ်လို့ ယူဆလို့ရှိရင် ပါတီနာမည် ဆက်သုံးခွင့် မရှိတော့ဘူး။ မရှိလည်း လုပ်လို့ ရတာပဲ။ တခြား တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားများပါတီတို့ဟာ ဖျက်သိမ်းခံရတာ နှစ်ပေါင်း ၁၄-၅ နှစ် မကတော့ဘူး။ ဒီလိုပဲ လုပ်နေကြတာ” ဟု ပြောသည်။

ဦးခင်မောင်ဆွေက ခွပ်ဒေါင်းပုံ NLD အလံနှင့် အမည်ကို နိုင်ငံရေးလုပ်ငန်းလုပ်လျှင်တော့ မကန့်ကွက်ဟု ပြောသည်။

ပါတီကို ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ အစည်းအဝေးက မှတ်ပုံမတင်ရန် တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် ပါတီမှတ်ပုံတင်ရမည့် နောက်ဆုံးရက်ဖြစ်သည့် လာမည့်လ ၆ ရက်နေ့ နောက်ရက်မှ စတင်ကာ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု NLD က ပြောဆိုခဲ့သည်။
Copy from www.mizzimaburmese.com

လွိုင်ကော် ရဲစခန်းမှာလည်း ဗုံးကွဲ

လွိုင်ကော် ရဲစခန်းမှာလည်း ဗုံးကွဲ
သန်းထိုက်ဦး Wednesday, April 28, 2010

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ရဲစခန်းတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဒေသခံတဦး သေဆုံးသွားကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ တောင်ဈေးထဲတွင် ဗုံးခွဲရန် စီစဉ်နေသူ ၂ ဦးမှ တဦးကို ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင်ရာ ၎င်း ရဲစခန်း အတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“ဈေးထဲမှာ သူတို့ ဗုံးခွဲဖို့ စီစဉ်တာ၊ ရဲက တွေ့ပြီး လိုက်ဖမ်းတော့ တယောက်လွတ်သွားတယ်၊ တယောက်မိတယ်၊ အဲဒီ မိတဲ့လူကို ရဲစခန်းကို ခေါ်သွားတယ်၊ ရဲစခန်းရောက်မှပဲ အဲဒီလူက ဗုံးခွဲလိုက်တယ်”ဟု ၎င်းက ပြောသည်။

လွတ်မြောက်သွားသော ပေါက်ခွဲရေး သမားဟု ယူဆ ရသူ တဦးကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း၎င်းက ဆိုသည်။ ထို့အပြင် ဗုံးပေါက်ကွဲပြီးနောက် လွိုင်ကော်မြို့ ရဲစခန်းကို ယာယီပိတ်ထားကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် တဦးသေဆုံးသွားပြီး တခြားသော ရဲဝန်ထမ်းများလည်း ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူ မည်မျှ ရှိသည်ကို မှု မသိရသော်လည်း လွိုင်ကော်မြို့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူများ က ပြောသည်။

ယမန်နေ့ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသော သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းအား တာဝန်ယူထား သည့် နအဖ စစ်အစိုးရတပ်များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၂ တပ်ရင်းမှ တပ်သားများ က သွားရောက်တိုက်ခိုက်ခဲ့သည်။
KNU တွဲဖက်အတွင်းရေးမှူး ဖဒိုစောလှငွေက“တိုက်ပွဲ နှစ်ဘက်ပစ်ကြ ခတ်ကြဆိုတော့၊ သူလက်နက်ကြီး ကိုယ်လည်း လက်နက် ကြီးနဲ့ ပစ်ကြတယ် ဆိုတော့၊ ဘယ်သူ့ လက်နက်လဲတော့ မသိဘူး၊ တိုက်ပွဲကြားမှာတော့ လူထု ဒဏ်ရာရမှုတွေရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းဒေသအတွင်း စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ) ၇ လက်အောက်ခံ တပ်ရင်းများက လှုပ်ရှားနေကြောင်း ၎င်းက ဆို သည်။

သောက်ရေခပ် ဆည်စီမံကိန်းသည် အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သီးခြား တာဝန်ယူလုပ်ကိုင်လျက် ရှိပြီး မဂ္ဂါဝပ် ၁၄၀ ထုတ်လုပ်နိုင်သော စိုက်ပျိုးရေးအတွက် ဆည်ရေပေးဝေနိုင်သည့် စီမံကိန်း ဖြစ်ကြောင်း သိရသည်။

သောက်ရေခပ် ဆည်ဆောက်လုပ်ရေးကို အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်နှင့် မင်းအနော်ရထာ အုပ်စု ကုမ္ပဏီ လီမိတက် တို့က တာဝန်ယူထားပြီး B.O.T (တည်ဆောက်၊ မောင်းနှင်၊ လွှဲပြောင်း စနစ်) ဖြင့် လက်ခံတည်ဆောက်ရန် သဘောတူထား ခြင်း ဖြစ်ကြောင်း Eleven Media Group ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်း နေရာ ၄ ခုတွင်လည်း ဧပြီလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့ရာ အဆောက်အအုံ နှင့် ယာဉ်များ ပျက်စီးခဲ့ပြီး လူတဦး ဒဏ်ရာ ရခဲ့သည်။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင်လည်း ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲ မှု ကြောင့် ၁၀ ဦးသေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် ဂိတ်၌ ဧပြီလ ၁၄ ရက်နေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော်လည်း အသေအပျောက် မရှိဘဲ ထိခိုက် ပျက်စီးမှုများသာ ရှိခဲ့ကြောင်း သိရသည်။
Copy from www.irrawaddy.org

Monday 26 April 2010

ရေးချင်သလိုရေး၊ လွှင့်ချင်သလို လွှင့်နေသော မီဒီယာများ သတိပြုသင့်ပြီ

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကို မဝေဖန်ဟုဆို
ဧရာဝတီ Monday, April 26, 2010

ဒေါ်အောင်ဆန်းစုကြည် စနေနေ့က ပြောကြားသည့် ထိုင်း နိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်များနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုနေကြခြင်းမှာ နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ထိုင်းအစိုးရကိုလည်း မဝေဖန်ဘူး၊ ဒီမိုကရေစီကိုလည်း မဝေဖန်ဘူး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ရေးရင် တည်ငြိမ်တဲ့ အစိုးရတွေ ဖြစ်ဖို့ ခဲယဉ်းတယ်၊ ဒါပဲပြောတာ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ယနေ့ ညနေပိုင်းတွင် ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် AFP သတင်းတွင် ရေးထားသကဲ့သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ဟု ဆိုသည်။

AFP သတင်းတွင် “သက်ဆင်က ရွေးကောက်ခံထားရတဲ့သူဖြစ်တယ်၊ ရွေးကောက်ခံထားရသူဆီက အာဏာကို စစ်တပ်က သိမ်းတယ်။ အခြေခံဥပဒေကို စစ်တပ်က ဆွဲထားတယ်” ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ရေးသားထားသည်။

ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ထံ တခါတရံ သွားရောက် တွေ့ဆုံခွင့်ရသူ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး AFP သတင်းက ထိုသို့ ရေးသားထားခြင်း ဖြစ်သည်။

AFP သတင်းတွင် ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံရေး ဆိုင်ရာ သုံးသပ်ချက်ကြောင့် နိုင်ငံ တကာအမြင်တွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ထိုင်းအထက် လွှတ်တော်အမတ် Prasong Nu luckက ဝေဖန်လိုက်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မတ်တိချွန်း(Matichon) အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ဘလော့ဂ် နှင့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ တချို့တွင်လည်း ထိုသတင်း၌ ပါရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်ကို မေးခွန်း ထုတ်နေကြသည်။

ထိုင်းနိုင်ငံသည် ဤနှစ်ပိုင်းအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။ ဤအတောအတွင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ထောက်ခံသူများက ဘန်ကောက်မြို့တွင် လနှင့်ချီ ဆန္ဒပြလျက်ရှိသည်။ လွှတ်တော် ဖျက်သိမ်းပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကိုလည်း ထိုင်းအစိုးရက ပယ်ချထားသည်။

Copy from www.irrawaddy.org

အမေရိကန် - မြန်မာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ

US - Burma Policy Discussion News and Photos

Than Shwe Unmasking Burma Tyrant

Than Shwe Unmasking Burma Tyrant